Viber မှ Facebook နှင့် စီးပွားရေး လုပ်ဆောင်ချက်များအား ဖျက်သိမ်း
လုံခြုစိတ်ချစွာဖြင့် အခမဲ့ အသုံးပြုနိုင်မည့် messaging apps တစ်ခုဖြစ်သည့် Rakuten Viber မှ Facebook နှင့်ဆက်စပ်နေသော စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအား ဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ယနေ့ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ messaging app သည် နာမည်ကြီး Facebook အား သပိတ်မှောက်/ဆန့်ကျင်ဆန္ဒပြ သည့် #StopHateForProfit လှုပ်ရှားမှုအား အရှိန်မြှင့်တင်လုပ်ဆောင်၍ Facebook နှင့် ချိတ်ဆက်ပြီး အသုံးပြုမှုများ၊ Facebook ဆိုင်ရာ ဆော့ဖ်ဝဲလ် ဖန်တီးမှု ကိရိယာများ နှင့် GIPHY လုပ်ဆောင်ချက်များအား ဖယ်ရှားခြင်း နှင့်အတူ အဆိုပါ ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်တွင် ကြော်ငြာအသုံးစာရိတ်များအား ရပ်တန့်လိုက်မည် ဖြစ်သည်။

လွန်ခဲ့သော ရက်သတ္တပတ်အနည်းငယ်တွင် U.S. နိုင်ငံတစ်ဝှမ်း ဖြစ်ပွားခဲ့သည့် ဆန္ဒပြမှုများအတွင်း အာဂတိလိုက်စားမှု တိုက်ဖျက်ရေး အဖွဲ့ချုပ် (the Anti-Defamation League) နှင့် NAACP တို့ အပါအဝင် အဖွဲ့အစည်း ၆ ခု ပါဝင်သော အုပ်စုသည် Facebook အနေဖြင့် အသုံးပြုသူများအပေါ် အမုန်းစကားရန်မှ (hate speech) ကာကွယ်မှု မပေးနိုင်ခြင်းကြောင့် Facebook တွင် ကြော်ငြာ ထည့်သွင်းအသုံးပြုသူများအား ဇူလိုင်လအတွင်း ကြော်ငြာအသုံးစာရိတ်ကို ဖြတ်တောက်ကြရန် အဆိုပြုခဲ့သည်။ နိုင်ငံရေး အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှ Facebook အသုံးပြုသူ ၈၇ သန်း၏ ကိုယ်ရေးအချက်အလက်များအား မမှန်ကန်သော နည်းဖြင့် ကောက်ယူခဲ့သောကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည့် Cambridge Analytica အရှုပ်တော်ပုံ အပါအဝင် ကိုယ်ရေးအချက်အလက် ပေါက်ကြားမှုများအပြီး ယခုလက်ရှိဖြစ်ပေါ်နေသည့် Facebook ၏ အမုန်းစကား (hate-speech) ပြဿနာသည် Viber ၏ ယုံကြည်ချက်နှင့် သွေဖီနေသောကြောင့် Viber အနေဖြင့် #StopHateForProfit လှုပ်ရှားမှုအား ထောက်ခံသည့် နောက်တစ်ဆင့်အနေဖြင့် Facebook နှင့် ပတ်သက်သည့် စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်များအားလုံးကို ရပ်တန့်သွားမည် ဖြစ်သည်။
"အခုလိုအချိန်မှာ Facebook အနေနဲ့ သူရဲ့ အခန်းကဏ္ဍမှာ မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေနဲ့အတူ ရှေ့ဆက်နေပါတယ်။ ကုမ္ပဏီရဲ့ သတင်း အချက်အလက်များကို သေချာစွာကိုင်တွယ်မှုမရှိခြင်း နဲ့ အက်ပလီကေးရှင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက် မလုံခြုံမှုတွေက စပြီး အသုံးပြုသူတွေကို ဆိုးဝါးတဲ့ အခြေအနေအထိ ဖြစ်လာစေနိုင်တဲ့ အန္တရာယ်ရှိ အကြမ်းဖက် ပြောဆိုမှုတွေကို အသုံးပြုသူတွေ ထိခိုက်မှုမရှိအောင် ဖယ်ရှားဖို့အတွက် Facebook အနေနဲ့ လိုအပ်တာတွေကို ပြုလုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်။ ကျွန်တော်တို့က အမှန်တရားတွေကို ဆုံးဖြတ်ပေးနိုင်မယ့်သူ မဟုတ်ပေမယ့် အားလုံးသိတဲ့ အမှန်တရားကတော့ လူတချို့ဟာ တစ်ဟုန်ထိုးများပြားလာတဲ့ အကြမ်းဖက် content တွေနဲ့ တွေ့ကြုံခံစား နေရပါတယ်။ ဒါတွေကိုလည်း Facebook အနေနဲ့ ရှင်းရှင်းလင်းလင်း ရပ်တည်ပေးဖို့ လိုအပ်ပါတယ်" ဟု Viber ၏ CEO ဖြစ်သူ Djamel Agaoua မှ ပြောကြားသွားခဲ့သည်။
Facebook ပေါ်ရှိ Viber အက်ပလီကေးရှင်း နှင့်ပတ်သတ်သည့် လုပ်ဆောင်ချက်များအားလုံးကို ၂၀၂၀ ခုနှစ် ဇူလိုင်လ အစတွင် အပြီးဖယ်ရှားနိုင်မည်ဟု ခန့်မှန်းထားပြီး Facebook ရှိ ကြော်ငြာ အသုံးစရိတ်များအား ယခုချက်ချင်း ရပ်ဆိုင်းသွားမည်ဖြစ်သည်။