Barcamp Yangon 2020 ကို MICT Park တွင်ကျင်းပလျက်ရှိ
Barcamp ဆိုတာ သတင်းအချက်အလက်နည်းပညာနဲ့ ဆက်သွယ်ရေးနည်းပညာ နယ်ပယ်အတွင်းမှာရှိတဲ့ အသိပညာရှင်၊ အတတ်ပညာရှင် အသီးသီးက မိမိတို့အသိပညာ အတတ်ပညာတွေကို အခမဲ့လာရောက်မျှဝေတဲ့ပွဲဖြစ်ပါတယ်။
Barcamp မှာ ဟောပြောသူနဲ့ နားထောင်သူဆိုပြီး ခွဲခြားထားတာ မဟုတ်ပဲ ဦးဆောင်ဆွေးနွေးသူနဲ့ ပါဝင်ဆွေးနွေးသူဆိုပြီး စကားဝိုင်းပုံစံ သွားတာဖြစ်ပါတယ်။ ကမ္ဘာ့ပထမဆုံး Barcamp ကို 2005 ခုနှစ်၊ California မှာစတင်ကျင်းပခဲ့တာပါ။ မြန်မာနိုင်ငံမှာတော့ 2010 ခုနှစ်မှာ Barcamp Yangon ကိုစတင်ကျင်းပခဲ့ပြီး စတင်ကျင်းပတဲ့ခုနှစ်မှာတင် Barcamper 3000 ကျော်တက်ရောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံးနဲ့ တက်ရောက်သူဦးရေ အများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Barcamp Yangon 2020 ကို MICT Park Main Building တွင် February 15,16 ရက်တွေမှာ ကျင်းပသွားမှာဖြစ်ပြီး ယနေ့ Barcamp Yangon 2020 ပထမရက်ကိုကျင်းပပြီးစီးခဲ့ရာ Topic 26 ခုဆွေးနွေးခဲ့ကြပါတယ်။ မနက်ဖြန်မှာတော့ Barcamp Yangon 2020 ရဲ့ဒုတိယနေ့ နဲ့ အခမ်းအနား ပိတ်ပွဲကိုပါ ကျင်းပသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ Barcamp တွေကို ရန်ကုန်မြို့မှာသာမက မန္တလေး၊ တောင်ကြီး၊ မကွေး ၊ ပခုက္ကူ ၊ မြင်းခြံ၊ လားရှိုး၊ ပြည်၊ မအူပင် အစရှိတဲ့ နိုင်ငံတစ်ဝှမ်းလုံးက မြို့နယ်အသီးသီးမှာ အကြိမ်ကြိမ် ကျင်းပခဲ့ပါတယ်။
Ref : Barcamp Yangon