Mac Users တွေ အတွက်အသုံးတည့်ဆုံး Features များ
Mac ကိုအသုံးပြုတွေ တစ်နေ့တခြားများလာတာနဲ့အလျောက် MacOS နဲ့ထိတွေ့ကိုင်တွယ်ရတဲ့ Daily Routine ဟာလည်းတဖြည်းဖြည်း စိပ်လာပါတယ်။ MacOS ဟာ Windows လိုမဟုတ်ဘဲ သုံးရတာလွယ်ကူတယ်ဆိုပေမယ့် ခုမှပြောင်းသုံးတဲ့သူတွေအတွက် သုံးရတာအခက်အခဲဖြစ်တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ ကိုယ်သုံးနေတာတော့ကြာပြီ၊ ဒါပေမဲ့ ကိုယ့် Mac မှာရှိတဲ့ Feature အကောင်းလေးတွေရှိတာ မသိသေးဘူးဆိုပြီးတော့လည်း ရှိနိုင်ပါတယ်။
ကိုယ်က Product တစ်ခုကို သုံးတဲ့အခါ စစချင်း မလုပ်တတ်မကိုင်တတ် ဖြစ်ပေမယ့် ကလိတာများလာလေလေ ပိုပြီး Use-to ဖြစ်လာလေလေပါပဲ။ ဒီ Article မှာတော့ Mac Users အသစ်တွေအတွက်ရော သုံးနေပြီးသားသူတွေအတွက်ပါ Daily Life မှာအသုံးတည့်ပြီး အချိန်ကုန်သက်သာစေမယ့် Tips လေးတွေကိုဖော်ပြလိုက်ပါတယ်။
Spotlight Search
Spotlight Search ဆိုတာ Mac User တွေအတော်များများရင်းနှီးပြီးသား Feature တစ်ခုဖြစ်ပါလိမ့်မယ်။

Spotlight Search ဟာ MacOS ရဲ့ တော်တော်အသုံးဝင်တဲ့ Feature လို့ပြောရင်မမှားပါဘူး။ (iOS မှာလည်းရှိပါတယ်။) ကိုယ့်ရဲ့ Mac တစ်ခုလုံးမှာရှိတဲ့ Files တွေ Apps ကိုရှာရာမှာ လွယ်ကူစေရုံသာမကပဲ Safari မှာရှိတဲ့ Bookmark တွေ၊ Mail တွေ၊ Website တွေ၊ Reminder တွေ၊ Notes တွေ၊ Calendar Event တွေ၊ Message တွေ၊ Contact Card တွေအထိရှာလို့ရတဲ့အတွက်ကြောင့် ရှာဖွေရာမှာ အတော့်အတော်ကို မြန်သွားစေမှာဖြစ်ပါတယ်။
Spotlight Search ကိုအသုံးပြုမယ်ဆိုရင် အပေါ်က Menu Barရဲ့ ညာဘက်ထောင့်မှာရှိတဲ့ မှန်ဘီလူးပုံနဲ့ဝင်လို့ရသလို Command + Space ကနေလည်း လွယ်လွယ်ကူကူခေါ်သုံးလို့ရပါတယ်။
ကိုယ်မသိတဲ့စာလုံးကို အွန်လိုင်းကနေပဲ ရှာနေစရာမလိုဘူး
ဒီ Feature ဟာ စာဖတ်သူတွေအတွက် အတော်လေးအကြိုက်တွေ့စေမယ့် Feature လေးပါ။ ကိုယ်က စာဖတ်နေတုန်း မသိတဲ့ English စာလုံးတွေတဲ့အခါ Google မှာပဲဖြစ်ဖြစ်၊ ဖတ်လက်စကိုထွက်ပြီး Dictionary App တစ်ခုခုမှာပဲဖြစ်ဖြစ်သွားရှာရတာဟာ အတော် Feel ပျက်စေပါတယ်။ ဒါတောင် Google မှာရှာမယ်ဆိုရင် Internet ရှိဖို့ကလိုနေပါဦးမယ်။
MacOS မှာ Apple ကနေပြီးတော့ အသုံးပြုခွင့်ပေးထားတဲ့ Dictionary တွေပါပါတယ်။ ရိုးရိုး Dictionary တောင်မဟုတ်ပါဘူး။ အဲ့ဒီ Dictionary မှာ British English, American English, Wikipedia, Thesaurus စတာတွေအားလုံးကို ရှာဖွေလို့ရပါတယ်။ အကောင်းဆုံးကတော့ Built-in Dictionary တွေဖြစ်တဲ့အတွက် Offline သုံးလို့ရပါတယ်။

Dictionary App ထဲကနေသုံးလို့လည်းရသလို ကိုယ်ဖတ်နေရင်း တွေ့တဲ့စာလုံးကို ထောက်ပြီး ကြမ်းကြမ်းဖိ (Force Touch) လုပ်ပြီးတော့လည်း မြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူ ကြည့်လို့ရပါတယ်။
Dictionary မှာကိုယ်ကြိုက်တဲ့ Language ထည့်လို့လည်းရပါတယ်။ Dictionary ရဲ့ Preferences မှာကိုယ်ထည့်ချင်တဲ့ Dictionary ကိုထည့်လိုက်ရုံပါပဲ။ English to Myanmar Dictionary ကတော့ Built-in မပါပါဘူး။ ဒါပေမဲ့ Saturngod ရဲ့ ဒီပို့စ် Link မှာ ထည့်လို့ရတဲ့နည်းလမ်းရှိပါတယ်။ ဒီလင့်ခ်ထဲမှာ ဒေါင်းခိုင်းတဲ့ Package ဟာ Zawgyi Dictionary ဖြစ်မှာပါ။ Unicode Version Dictionary ကို ဒီ Link မှာ ဒေါင်းပါ။
ဖုန်းမှာလိုပဲ Mac မှာလည်း Emoji သုံးမယ်
Emoji ကို လူတိုင်းကြိုက်ကြပါတယ်။ ကိုယ့်ဖုန်းမှာ Emoji တွေရိုက်ရတာလွယ်သလောက် MacOS မှာလည်း Emoji တွေထည့်လို့ရပါတယ်။ Emoji ထည့်ဖို့ဆိုရင် Control + Command + Space ကိုနှိပ်ပြီး Emoji Panel ကိုခေါ်လို့ရသလို Touch Bar ပါတဲ့ Device တွေမှာဆို Emoji ပုံလေးကိုနှိပ်ပြီးအသုံးပြုနိုင်ပါတယ်။

Control + Command + Space ဟာ iOS ရဲ့ Emoji Set တွေပဲပါတဲ့ Panel ကိုပဲပြမှာဖြစ်ပြီး Special Character တွေကိုသုံးချင်တယ်ဆိုရင် Emoji Panel မှာရှိတဲ့ Search ရဲ့ဘေးက Icon ကိုနှိပ်ပြီးဆက်သွားလို့ရပါတယ်။
သီချင်းရဲ့နာမည်ကို ရှာမယ်
Apple ဟာ Shazam လို့ခေါ်တဲ့ Music Discovering App ကိုဝယ်ထားတာဖြစ်တဲ့အတွက် ကိုယ်မသိတဲ့ သီချင်းတွေကို Siri သုံးပြီး ရှာခိုင်းလို့ရပါတယ်။

MacOS မှာလည်း Siri ပါတဲ့အတွက်ကြောင့် ကိုယ်က နာမည်သိချင်တဲ့သီချင်းရှိရင် အပေါ် ညာထောင့်က Siriကို ခေါ်ပြီး “What is this song?” ဆိုပြီးမေးလို့ရပါတယ်။ သူက နားထောင်ပြီး သီချင်းနာမည်ကို ပြန်ပြောပြပါလိမ့်မယ်။
Powerful & Useful AirDrop
iPhone၊ iPad သုံးတဲ့သူအများစုဟာ AirDrop ပါတာကိုသိကြပေမယ့် MacOS မှာလည်း AirDrop ပါတာ သိပ်မသိကြပါဘူး။ AirDrop ဆိုတာ Apple Ecosystem ရဲ့ File Sharing System ဖြစ်ပါတယ်။ ကိုယ်ပို့ချင်တဲ့ File တစ်ခုခုကို Two-Finger Tap ပြီး Share ကနေပဲဖြစ်ဖြစ်၊ Share Icon ကနေပဲဖြစ်ဖြစ် AirDrop ကိုရွေးပြီး ကိုယ့်အနီးအနားမှာရှိတဲ့ iPhone ၊ iPad နဲ့ Mac ဆီကို အခက်အခဲမရှိဘဲ မြန်မြန်ဆန်ဆန်ပို့နိုင်မှာဖြစ်ပါတယ်။ သူများရဲ့ File ကိုလက်ခံဖို့ဆိုရင် AirDrop ရဲ့ Receive From: ကို Everyone လုပ်ထားပေးဖို့လိုပါတယ်။

AirDrop ဟာ Internet ရှိစရာမလို၊ ကြိုးလည်းသွယ်စရာမလိုတဲ့အတွက် Apple Device တစ်ခုထက် ပိုသုံးတဲ့သူတွေအတွက် အတော်အသုံးဝင်စေမှာပါ။
Mail Drop
သာမန်ဆိုရင် ကျွန်တော်တို့ Email တွေပို့တဲ့အခါမှာ Email ရဲ့ Size က 25MB ထက်ကျော်ပြီး ပို့ခွင့်မရှိပါဘူး။ Mail ပို့တဲ့အခါ ကိုယ် Attach လိုက်တဲ့ File ကြီးနေလို့ပို့မရတော့ဘဲ အဲ့ File ကို Google Drive တို့ One Drive တို့မှာသွားတင်ပြီး Link ကြီးပြန်သယ်လာရတဲ့အလုပ်က တော်တော်ရှုပ်ပါတယ်။

Mac ရဲ့ Mail App မှာတော့ 5GB အထိ ကြီးတဲ့ Mail ပို့ခွင့်ရှိပါတယ်။ တကယ်တော့ ဒီလိုပို့လို့ရတယ်ဆိုတာကလည်း iCloud ကြောင့်ပါ။ သတ်မှတ် Size ထက်ကြီးသွားပြီဆိုရင် iCloud Storage ပေါ်မှာ တန်းတင်လိုက်ပြီး ရလာတဲ့ Link ကို Mail မှာ Attach လုပ်လိုက်တာဖြစ်ပါတယ်။
အဲ့လိုအလုပ်ရှုပ်တဲ့ Process တစ်ခုလုံးကို ကိုယ်ကိုတိုင်လုပ်စရာမလိုပဲ Use Mail Drop နဲ့ပဲလုပ်ခြင်းအားဖြင့် အတော်အချိန်ကုန် သက်သာစေပါတယ်။ ကိုယ်ပို့လိုက်တဲ့ File ဟာ ရက်၃၀ အထိ ဒေါင်းလုတ်ဆွဲလို့ရမှာဖြစ်ပါတယ်။
Mail Drop သုံးမရဘူးဆိုရင် Mail > Preferences > Accounts မှာကိုယ်သုံးနေတဲ့ Account ထဲဝင်ပြီး Send Large Attachment Using Mail Drop ကိုအမှန်ခြစ်ပေးပါ။
Split View နဲ့ အထာကျကျ Multitasking လုပ်မယ်
Split View ဆိုတာကတော့ ကိုယ့်ရဲ့ Screen ကိုနှစ်ခြမ်းခွဲလိုက်ပြီး App ၂ခုကို Full Screen နဲ့ တစ်ဖက်တစ်ချက်မှာ Multitask သုံးနိုင်မယ့် Feature ဖြစ်ပါတယ်။ ကိုယ်က တစ်ခါတလေမှာ စာလည်းဖတ်ပြီး တစ်ဖက်မှာ Note တွေထုတ်ချင်တဲ့အခါမျိုးမှာဆို ဒီ Split View Feature လေးကအတော်အသုံးတည့်စေပါတယ်။

Split View လုပ်ဖို့အတွက် ကိုယ်က Full Screen Mode ကိုဝင်စေချင်တဲ့ App Window ရဲ့ အပေါ်ဘယ်ဘက်ထောင့်က Maximise Circle (အစိမ်းရောင်) ပေါ်ကို ကိုယ့်ရဲ့ Cursor တင်ထားရင် Tile Window to Left of Screen နဲ့ Tile Window to Right of Screen ဆိုပြီးပေါ်လာမှာဖြစ်ပါတယ်။
ပြီးရင် အဲ့ Window ၂ ခုက Desktop တစ်ခုအနေနဲ့ နေရာယူသွားမှာဖြစ်ပြီး နောက်ထပ် Desktop တွေမှာလည်း Multitask တွေဆက်တိုက်လုပ်လို့ရပါတယ်။ Desktop တစ်ခုနဲ့ တစ်ခုကို 4-fingers Swipe နဲ့အသွားအပြန်လုပ်လို့ရပါတယ်။
Preview App ကို အကျိုးရှိရှိ သုံးမယ်
Mac မှာပါတဲ့ Preview ဆိုတဲ့ App ဟာ Image Formats အတော်များများကိုသာမက PDF Document တွေကိုလည်း ကြည့်လိုက်ရတဲ့ Native App လေးဖြစ်ပါတယ်။

Image တွေဆိုရင်လည်း Text ထည့်တာတို့၊ Resize တို့ကို လွယ်လွယ်ကူကူလုပ်လို့ရသလို PDF တွေဆိုရင်လည်း Digital Sign တွေလွယ်လွယ်ထည့်လို့ရပါတယ်။ (လက်ရေးစုတ်စုတ်ကိုတော့ သည်းခံပေးပါ)
Wi-Fi ရဲ့ Password ကိုကြည့်မယ်
Keychain Access ဆိုတဲ့ App ကနေသွားပြီး Search မှာ ကိုယ်ကြည့်ချင်တဲ့ Wi-Fi ရဲ့ Network Name ကိုရှာပြီးဖွင့်လိုက်ပါ။ Attributes ဆိုတဲ့ Tab အောက်မှာ Show Password ဆိုတာကိုဖွင့်လိုက်ပါ။ Mac ရဲ့ Password ကိုရေးပြီး Wi-Fi Password ကို ဝင်ကြည့်လို့ရပါတယ်။

Keychain Access ဟာ Wi-Fi Password တင်မကဘူး ကိုယ်က Safari မှာ Login Password တွေ Save ထားဖူးတယ်ဆိုရင်လည်း မေ့သွားတဲ့အခါ ပြန်ကြည့်လို့ရပါတယ်။
IMessage
iMessage ကို Mac မှာ လွယ်လွယ်သုံးဖို့ Mac ရဲ့ Messages > Preferences > iMessage ကနေပြီး ကိုယ့်ရဲ့ Apple ID နဲ့ Sign In လုပ်ဖို့လိုပါတယ်။ ပြီးရင် Enable This Account ကို အမှန်ခြစ်ပေးပါ။

ကိုယ့်မှာ iPhone ရှိပြီး ကိုယ့် iPhone က SMS တွေကိုလည်း Mac မှာ Manage လုပ်မယ်ဆိုရင် Device ၂ခုလုံးမှာ တူညီတဲ့ Apple ID ရှိဖို့အရင်လိုပါတယ်။ ပြီးရင် ကိုယ့်ရဲ့ iPhone မှာ Settings > Messages > Text Message Forwarding မှာ ကိုယ့်ရဲ့ MacBook ကိုဖွင့်ထားပေးရင်ရပါပြီ။
နောက်တစ်ခုကတော့ Screen Sharing လုပ်တာပါ။ အဲ့တာကတော့ တစ်ဖက်ကလူကလည်း Mac ကနေ iMessage သုံးနေဖို့လိုပါတယ်။ Messages ကနေပြီး ကိုယ် Screen Share လုပ်ချင်တဲ့ သူရဲ့ Conversation ထဲကိုဝင်၊ ပြီးရင် Contact Name ပဲဖြစ်ဖြစ်၊ ဖုန်းနံပတ်ပဲဖြစ်ဖြစ်၊ Apple ID ကိုပဲဖြစ်ဖြစ် ထောက်လိုက်ရင် နာမည်ဘေးမှာ မြားပေါ်လာမှာပါ။
ပေါ်လာတဲ့ မြားကိုနှိပ်ပြီး ကိုယ်က Screen Share ချင်ရင် Invite to Screen Share၊ ကိုယ်က သူ့ Screen ကို ကြည့်ချင်ရင် Ask to Screen Share လုပ်ပြီး Screen Share နိုင်ပါတယ်။ Screen Share နေတုန်းမှာလည်း ကိုယ့်ဘက်သူ့ဘက်က Screen ကိုထိန်းချုပ်ချင်တယ်ဆိုရင် Request Control ကိုလည်း သုံးလို့ရပါတယ်။
iMessage ကနေပြီး FaceTime Video/Audio တင်မကဘဲ iPhone နဲ့ Pair လုပ်ထားတဲ့ Call Using Cellular သုံးပြီး iPhone အစား Mac ကနေဖုန်းခေါ်တာတွေလည်း ပြုလုပ်နိုင်ပါတယ်။
Apple Device တွေကို Mac ကနေပဲ Record လုပ်မယ်
ကိုယ့်ဖုန်းကို Screen Record တာကိုတော့ အများစုလုပ်တတ်မှာပါ။ ဒါပေမယ့် Mac ကိုသုံးပြီးတော့ ကိုယ့် iPhone iPad ကိုလည်း Screen Record လုပ်လို့ရတယ်ဆိုတာကိုတော့ လူသိနည်းပါတယ်။
အရင်ဆုံး ကိုယ့် Device ကို Mac နဲ့ချိတ်ဆက်ရပါမယ်။ ပြီးရင် Mac မှာ QuickTime Player ဖွင့်ပြီး File > New Movie Recording ကိုဝင်ပေးပါ။
ပြီးရင်တော့ Record Button ရဲ့ ဘေးနားမှာရှိတဲ့ မြားကိုနှိပ်ပြီး Camera မှာ ကိုယ့် Device ရဲ့နာမည်ကိုရွေးလိုက်ပါ။ ပြီးရင် ကိုယ်က ဘယ် Microphone နဲ့ Input သုံးချင်တယ်ဆိုတာလည်း Microphone မှာရွေးချယ်လို့ရပါတယ်။

ဒီ Feature ဟာ Developer တစ်ယောက်အနေနဲ့ App တွေကို ပြချင်တဲ့အခါပဲဖြစ်ဖြစ်၊ Tutorial တွေလုပ်ပြချင်လို့ပဲဖြစ်ဖြစ်၊ Screen Record ကို Mac ထဲမှာတန်းသိမ်းထားချင်လို့ပဲဖြစ်ဖြစ် အတော်အသုံးဝင်မယ့် Feature ဖြစ်ပါတယ်။
ရှုပ်ထွေးနေတဲ့ Mac Desktop ကိုရှင်းမယ်
Stacks ဆိုတဲ့ Feature ဟာ ကိုယ့် Desktop ပေါ်မှာ ရှုပ်တီးရှုပ်ယှက်နဲ့ ပွကြဲနေတဲ့ File တွေကို Type တူရာတူရာကို အလိုအလျောက်စုစီးပြီး နေရတကျ ပြန်စီပေးမယ့် Feature ဖြစ်ပါတယ်။ ဒီ Feature ကို MacOS Mojave နဲ့ သူ့အထက် Version တွေမှာမှ သုံးလို့ရမှာဖြစ်ပါတယ်။

ရှုပ်ထွေးနေတဲ့ Desktop ပေါ်မှာ 2-finger Tap လုပ်ပြီး Use Stacks ဆိုတာကိုနှိပ်လိုက်တာနဲ့ File တွေဟာ Type တူရာတွေနဲ့စုစည်းသွားမှာဖြစ်ပါတယ်။
Gestures တွေနဲ့ အလုပ်တွေလျင်လျင်မြန်မြန်လုပ်မယ်
Mac တွေမှာပါတဲ့ Trackpad တွေဟာ Shortcut Gesture တွေကိုကောင်းကောင်းသိရင် အတော်အသုံးဝင်တဲ့ Trackpadတွေဖြစ်ပါတယ်။ ကိုယ်က အခုမှစသုံးလို့မသိတာပဲဖြစ်ဖြစ်၊ သုံးပြီး သတိမထားမိသေးတာပဲဖြစ်ဖြစ် ဒီအသုံးဝင်တဲ့ Gesture တွေကို သုံးကြည့်သင့်ပါတယ်။
Right-Click
လက်ချောင်းနှစ်ချောင်းနဲ့ ထောက်လိုက်ရင် Right-click Function အလုပ်လုပ်ပါတယ်။

Scroll
လက်နှစ်ချောင်းကိုသုံးပြီး အပေါ်အောက် Swipe လုပ်ချင်းဟာ ကိုယ်ကြည့်နေတဲ့ Document, Page ကို Scroll လုပ်ပေးနိုင်ပါတယ်။

Swipe Between Pages
လက်နှစ်ချောင်းနဲ့ ဘယ်ညာ Swipe လုပ်ခြင်းဖြင့် Page တွေကို Forward, Backward ပြန်သွားလို့ရပါတယ်။

Swipe Between Desktops
လက်သုံးချောင်း သို့မဟုတ် လေးချောင်းသုံးပြီး ဘယ်ညာ Swipe ခြင်းဖြင့်ကိုယ်ရဲ့ Workspace တွေဖြစ်တဲ့ Desktop တွေကိုခုန်ကူးလို့ရပါတယ်။

Zoom In/Out
လက်နှစ်ချောင်းကိုသုံးပြီး အတွင်းချုံ့လိုက် အပြင်ချဲ့လိုက်လုပ်ခြင်းဖြင့် Zoom in/out လုပ်နိုင်ပါတယ်။

Apps Launchpad
လက်လေးချောင်းသုံးပြီး အတွင်းကိုချုံ့လိုက်ရင် Apps တွေအကုန်ပါတဲ့ Launchpad ထဲဝင်လို့ရပါတယ်။

Show Desktop
လက်လေးချောင်းကိုသုံးပြီး အပြင်ဘက်ကိုချဲ့လိုက်မယ်ဆိုရင် ရှိသမျှ App တွေအကုန်ကိုဘေးဖယ်ထုတ်ပြီး Desktop ကိုကြည့်နိုင်မှာဖြစ်ပါတယ်။

App Expose
လက်လေးချောင်းနဲ့ အောက်ကို Swipe ပြီး ကိုယ်သုံးနေတဲ့ App ရဲ့ဖွင့်ထားသမျှ Window တွေကိုကြည့်နိုင်မှာဖြစ်ပါတယ်။

Mission Control
လက်လေးချောင်းနဲ့ အပေါ်ကို Swipe လုပ်ပြီး ဖွင့်ထားသမျှ App တွေကိုလွယ်လွယ်ကူကူ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ့်ရဲ့ တစ်နေ့တာလုပ်ငန်းတွေမှာ ပိုပြီးသက်တောင့်သက်သာလေး သုံးနိုင်အောင် ကူညီပေးမယ့် Mac အတွက် Tips လေးတွေပဲဖြစ်ပါတယ်။ စမ်းသုံးကြည့်ပြီး အသားကျသွားတဲ့အခါ ပိုပြီး လျင်လျင်မြန်မြန်သုံးနိုင်တဲ့ Mac User တစ်ယောက်ဖြစ်လာပါလိမ့်မယ်။