2020 မှာ Apple ကဘာတွေ အသစ်မိတ်ဆက်နိုင်သလဲ
2019 ဟာ Apple အတွက် အောင်မြင်မှုတွေရော ဆုံးရှုံးမှုတွေရော ရင်ဆိုင်ခဲ့ရတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။
2019 ခုနှစ်မှာပဲ အဓိကအနေနဲ့ iPhone 11 နဲ့အောင်မြင်မှုတွေ အများကြီးရခဲ့တယ်၊ နားရွက်ထဲမှာ AirPods တပ်တဲ့လူအရေအတွက်တွေပိုတိုးလာခဲ့တယ်၊ iPad Pro ရဲ့ Major Design Change ဟာသုံးသူတွေကို အံ့အားသင့်စေခဲ့တယ်၊ MacBook အသစ်တွေမှာ Keyboard အသစ်နဲ့ အရင်က ဖြစ်တဲ့ Butterfly ပြဿနာတွေကို တော်တော်ဖြေရှင်းနိုင်ခဲ့တယ်၊ ပြီးတော့ Apple ရဲ့ Design Team ဖခင်ကြီး Apple ကနေနုတ်ထွက်သွားတယ်၊ ပြီးတော့ ဒဏ္ဍာရီသာဆန်ခဲ့တဲ့ AirPower ရဲ့သေဆုံးမှု အစရှိသဖြင့်ပေါ့။
ဒါကတော့ 2019 ပေါ့၊ နှစ်တိုင်းနှစ်တိုင်းမှာ Release Cycle အသစ်ရှိတဲ့အတွက် 2020 ဟာလည်း Apple အတွက် နှစ်ကြီးတစ်နှစ်ဖြစ်လာမှာအသေအချာပါပဲ။
2020 မှာရော Apple အနေနဲ့ဘယ်လို Software အသစ်တွေ Hardware အသစ်တွေမိတ်ဆက်နိုင်သလဲဆိုတာကို ဖော်ပြသွားချင်ပါတယ်။

iPhone 12
Hardware ဘက်ကနေပြောမယ်ဆိုရင် ပထမဆုံး Highlight ဖြစ်မယ့် Product အသစ်က 2020 iPhone ဒါမှမဟုတ် iPhone 12 ဖြစ်မှာပါ။ ပေါက်ကြားထားတဲ့ သတင်းတွေအရသာဆိုရင် iPhone 12 မှာ စိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတွေပါလာမယ်လို့ ယူဆရပါတယ်။ အဓိကကတော့ ပထမဆုံး 5G iPhone ဖြစ်လာမှာရယ်၊ Touch Sensitivity ကို သပ်သပ် Layer မအုပ်ဘဲ OLED Display ပေါ်မှာ တစ်ခါတည်း Detect လုပ်နိုင်မှာမို့လို့ ပိုပြီးပါးလာမယ့် Display Layer တွေရယ်၊ Laser နည်းပညာအသုံးပြုထားတဲ့ 3D Sensor ပါ Camera နဲ့အတူ ပိုပြီး ရွေးချယ်စရာများလာမယ့် အရွယ်အစားတွေနဲ့ ထွက်ရှိလာမယ်ဆိုပြီး သတင်းတွေထွက်ထားပါတယ်။ ကျစ်ကျစ်လစ်လစ်ရှိတဲ့ 5.4-inch, ပြီးရင် မကြီးမသေး 6.1-inch နဲ့အတူ 6.7-inch ရှိတဲ့ Display Size တွေကိုခန့်မှန်းထားပြီး iPhone 12 Series မှာတော့ LCD Model မပါဘဲ အားလုံးကို OLED Display အသုံးပြုလာမယ််လို့လည်း သိရှိရပါတယ်။

iPhone SE2
iPhone 12 က Highlight ဖြစ်သလို 2020 မှာလူအများ စောင့်မျှော်ကြမှာကတော့ iPhone ရဲ့ Budget Model ဖြစ်တဲ့ iPhone SE2 ဖြစ်လိမ့်မယ်ထင်ပါတယ်။ iPhone SE ဟာ 2016 March လောက်မှာ Budget iPhone အနေနဲ့ထွက်ခဲ့ပြီး ပရိသတ်အများရဲ့ ကြိုက်နှစ်သက်မှုတွေကို ရရှိခဲ့ပါတယ်။ ခုဆိုရင် လေးနှစ်မြောက်ဖြစ်တဲ့ 2020 မှာ SE2 ကိုထုတ်လုပ်မိတ်ဆက်သွားဖွယ်ရှိပါတယ်။ ပေါက်ကြားထားတဲ့ ကောလဟာလတွေအရဆိုရင် iPhone SE2 ဟာ iPhone 8 ရဲ့ပုံစံနဲ့ ဆင်တူမှာဖြစ်ပါတယ်။ ကျစ်လစ်တဲ့ 4.7-inch အရွယ်အစားနဲ့အတူ Touch ID ကိုအသုံးပြုပြီး ထွက်ရှိလာမှာဖြစ်ပါတယ်။ TouchID ပါလာမယ်ဆိုတဲ့ သဘောကတော့ ရှေ့မျက်နှာပြင် Display ဟာ Notch Display မဟုတ်ဘဲ Bazel ထူထူနဲ့ Traditional Design နဲ့ထွက်လာမယ်လို့ ခန့်မှန်းကြပါတယ်။ A13 Bionic Chip ရယ်၊ RAM 3G ရယ်နဲ့ လာမယ်လို့ပြောထားတဲ့အတွက် iPhone SE2 ဟာ Performance အသားပေးသူတွေအတွက် iPhone 11 Series ရဲ့ Performance နဲ့ညီမျှတဲ့ Experience ကိုပေးစွမ်းနိုင်မှာဖြစ်တဲ့အတွက် လူအများက ပိုစိတ်ဝင်စားနေကြတာပါ။ ပိုကောင်းတဲ့သတင်းက iPhone SE2 ကိုစပြီးရောင်းချမယ့် ဈေးက $399(မြန်မာငွေ ၆သိန်းခွဲ) လောက်ဆိုတော့ iPhone ကိုအကောင်းလည်းကြိုက် သိပ်လည်းဈေးမသုံးချင်တဲ့သူတွေအတွက် ရွေးချယ်စရာတစ်ခုဖြစ်လာမှာပါ။

the new iPad Pro
iPhone တွေပြီးသွားရင်တော့ iPad တွေဟာ Applesheep တွေအတွက် Focus တစ်ခုဖြစ်နေလိမ့်မယ်လို့ထင်ပါတယ်။ 2019 October မှာ Apple က iPad Pro မိတ်ဆက်ပွဲကိုကျော်သွားခဲ့ပါတယ်။ ဒီပွဲအစားထိုးပေးနိုင်မယ့် 2020 iPad Pro မိတ်ဆက်ပွဲမှာ ပိုမြန်တဲ့ Face ID နဲ့အတူ iPhone 12 တွေမှာလို့ 3D Sensor တွေအသုံးပြုထားတဲ့ Camera တွေပါတပ်ဆင်တော့မှာဖြစ်လို့ ကိုယ်ရိုက်ယူထားတဲ့ ပုံတွေရဲ့ 3D Model ကို Apple Pencil နဲ့အတူ Edit လုပ်လို့ရသွားဖြစ်လို့ Productivity ကိုတော့ အကောင်းဆုံး မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။

Apple Watch Series 6
နောက်တစ်ခုကတော့ လူကြီးရောလူငယ်ကော Fashionအတွက်ရော Productivity အတွက်ရော Fitness အတွက်ရော ဝတ်ဆင်ကြတဲ့ Apple Watch အတွက် Series အသစ် Series 6 ကိုလည်း 2020 မှာမြင်တွေ့ရဖို့များပါတယ်။ Apple Watch Series 6 နဲ့ပတ်သတ်တဲ့ ကောလဟာလတွေကိုတော့ သိပ်မတွေ့ထားပေမဲ့ ကြားသိထားရသလောက် ဖော်ပြထားတာတွေထဲမှာ ပိုမြန်တဲ့ Performance ပြီးရင် ပိုကောင်းတဲ့ Water Resistance နဲ့အတူ Wireless Connectivity တွေမှာပိုကောင်းလာမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Apple Watch Series 6 မှာ Smart Watch တစ်ခုအနေနဲ့ ပါသင့်တာကြာပြီဖြစ်တဲ့ Sleep Tracking ကိုထည့်သွင်းလာဖွယ်ရှိပြီး ကိုယ့်ရဲ့ အိပ်စက်ချိန်မှာဖြစ်တဲ့ ကျန်းမာရေးအချက်အလက်တွေကို ဖော်ပြနိုင်တော့မှာဖြစ်တယ်လို့တော့ ခန့်မှန်းမှုတွေရှိပါတယ်။

AirTags
Apple ရဲ့ New Utility Product တစ်ခုဖြစ်တဲ့ AirTags တွေကိုလည်း 2020 မှာမြင်တွေ့နိုင်ဖို့ ရှိပါတယ်။ AirTags ဆိုတာ Bluetooth ကိုသုံးပြီး ကိုယ့်ရဲ့ သော့၊ ပိုက်ဆံအိတ်အစရှိတဲ့ ကိုယ်နဲ့အတူတကွရှိနေပြီး ပျောက်ဖို့လွယ်တဲ့ပစ္စည်းတွေကို Find My ခြေရာခံပေးနိုင်မယ့် Device တွေကို ထုတ်လုပ်ဖို့ကြိုးစားနေပါတယ်။ AirTags တွေမှာ U1 Ultra-wideband Chip ကိုသုံးမှာဖြစ်တဲ့အတွက်ကြောင့် ပိုပြီးကောင်းတဲ့ Tracking System ကိုပေးနိုင်မယ်လို့ ယူဆထားကြပါတယ်။ AirTags တွေသာ ခန့်မှန်းထားတဲ့အတိုင်း ထွက်လာမယ်ဆိုရင် ပစ္စည်းတွေပျောက်တတ်တဲ့သူတွေအတွက် တော်တော်ကောင်းတဲ့ ရွေးချယ်စရာတစ်ခုဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်။
AR Glasses
AR တွေဟာ တဖြည်းဖြည်းနဲ့ အသုံးများလာပြီဖြစ်တဲ့အတွက်ကြောင့် Apple ဟာလည်း သူတို့ကိုယ်ပိုင် AR Glasses တွေကိုထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ပေါက်ကြားထားပါတယ်။ ဒီ AR Glasses တွေဟာ iPhone တွေနဲ့အတူ ထွက်နိုင်ချေရှိပြီး Display တစ်ခုအနေနဲ့ Support လုပ်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။ AR Glasses တွေပတ်သက်တဲ့ သတင်းတွေကိုတော့ သိပ်ပေါက်ကြားထားတာမရှိတဲ့အတွက်ကြောင့် ထွက်နိုင်ချေရှိတယ်ဆိုတာကလွဲရင် ဘာမှ တိတိကျကျ မသိသေးပါဘူး။ ဒါတောင်မှ 2020 မှာတွေ့ရမယ်လို့ မျှော်လင့်ဖို့ ခက်ပါတယ်။
ဒါကတော့ Apple အနေနဲ့ 2020 မှာ မိတ်ဆက်သွားနိုင်တဲ့ Hardware အပိုင်းပဲဖြစ်ပါတယ်။ Software အပိုင်းမှာဆိုရင်ရော ဘာတွေရှိနိုင်သလဲ။

Software
သေချာတာကတော့ iOS 14 နဲ့အတူ iPadOS 14, watchOS 7, tvOS 14 နဲ့အတူ macOS 10.16 စတဲ့နှစ်စဉ်ထွက်နေကျ Software အသစ်တွေကိုပဲမြင်တွေ့ရဖို့များပါတယ်။ သူတို့နဲ့ ပတ်သက်တဲ့သတင်းတွေအနေနဲ့ ဘာမှမသိရသေးတဲ့အတွက် ဘာမှမျှော်လင့်လို့မရသေးပါဘူး။ ဒါပေမဲ့ လူအများစုကတော့ iOS 14 ဟာ iOS 6 ကနေ iOS 7 ကိုပြောင်းသွားသလိုပဲ Trend အသစ် Design အသစ်တစ်ခုနဲ လာလိမ့်မယ်ဆိုပြီး ခန့်မှန်းထားကြပါတယ်။ တစ်ဖက်ကနေ စဉ်းစားမယ်ဆိုရင်လည်း iOS 13 တုန်းက ထုတ်တာ တော်တော် Unstable ဖြစ်ခဲ့လို့ iOS 14 မှာ ပိုပြီး Stable ဖြစ်အောင်လို့ Software Release ပုံစံအသစ်နဲ့သွားမယ်ဆိုပြီး ပြောထားတဲ့အတွက်ကြောင့် လုံးဝအသစ်အဆန်းကြီး ဖြစ်လာမလားဆိုတာ ပြောရခက်နေပါသေးတယ်။
ဒါကတော့ Apple ကနေပြီးတော့ 2020 မှာထုတ်လုပ်နိုင်တဲ့ အသစ်အသစ်တွေပဲဖြစ်ပါတယ်။ တကယ်ထွက်လာရင် ဘယ်လိုစိတ်လုပ်ရှားစရာကောင်းလိုက်မလဲဆိုတာကိုလည်း စောင့်ကြည့်ရမယ်ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့တွေမမျှော်လင့်ထားတဲ့ အသစ်အသစ်တွေနဲ့လည်း Surprise တွေလုပ်နိုင်ပါသေးတယ်။ ဒီတော့ စောင့်စားကြတာပေါ့။
Ref: MacRumors၊ Pocket-lint