မွေးနေ့တွေ တောင်းခံတော့မယ့် Instagram
Facebook ရဲ့ လက်အောက်ကုမ္ပဏီဖြစ်တဲ့ Instagram ဟာ ဒီတစ်ပတ်ဗုဒ္ဓဟူးနေ့ကနေစပြီး အသုံးပြုသူအသစ်တွေဆီကနေ မွေးနေ့ကိုတောင်းခံတော့မှာဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ မွေးနေ့ကနေတစ်ဆင့် အသက်အလျောက် သင့်တော်တဲ့ ကြော်ငြာတွေကို အကောင်းဆုံးပြသပေးနိုင်ဖို့နဲ့ အရွယ်မရောက်သေးတဲ့ အသုံးပြုသူတွေဆီကိုလည်း မသင့်လျော်တဲ့ အရက်ကြော်ငြာစတာတွေကို မပြသမိစေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
Instagram ဟာ လူငယ်တွေအသုံးများတဲ့ Photo/Video Social Media ဖြစ်တဲ့အလျောက် သူတို့ဆီမှာ ပေါ်တဲ့ ပုံတိုင်း Video တိုင်းဟာ သုံးစွဲနေတဲ့ လူငယ်တွေရဲ့ စိတ်အပေါ် အနည်းနဲ့အများ ဆိုသလို လွှမ်းမိုးမှုရှိပါတယ်။ ဒီလွှမ်းမိုးမှုပေါ်ကနေ ဖြစ်လာတဲ့ အတုယူမှုတွေမမှားဖို့ Social Network တွေဟာ လိုအပ်တဲ့ ပုဂ္ဂိုလ်ရေး အချက်အလက်တွေနဲ့ စီမံလျက်ရှိပါတယ်။
ခုတစ်ခါမှာလည်း သုံးစွဲသူတွေရဲ့ အသက်အလျောက် မသင့်လျော်တဲ့ Content တွေမပြမိစေဖို့နဲ့ ပိုပြီး လုံခြုံတဲ့ Platform ဖြစ်ဖို့ မွေးနေ့ကို တောင်းခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကန့်သတ်ချက်အရ Instagram ဟာ အနည်းဆုံး အသက် ၁၃နှစ် နှင့်အထက်ရှိမှ အသုံးပြုလို့ရမယ်လို့လည်း ဆိုပါတယ်။

မွေးနေ့တွေကို တောင်းခံတယ်ဆိုပေမဲ့ ဘယ်သူမှ မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
မွေးနေ့တောင်းဆိုချက်ဟာ သုံးစွဲသူအသစ်တွေအပေါ်ပဲ သက်ရောက်ဦးမှာဖြစ်ပြီး သုံးစွဲသူအဟောင်းတွေအတွက်တော့ လိုအပ်ဦးမှာမဟုတ်ပါဘူး။ အကယ်လို့ ကိုယ့်အကောင့်က Facebook နဲ့ ချိတ်ထားခဲ့မယ်ဆိုရင်လည်း တောင်းခံမှာမဟုတ်ပါဘူး။ Social Media တွေရဲ့ AI တွေဟာ တိုးတက်လာတာနဲ့အတူ နောင်ကျရင် ပို့စ်တွေကနေပြီးတော့တောင် မွေးနေ့နဲ့ အသက်ကို အလိုအလျောက် ခန့်မှန်းနိုင်တော့မှာဖြစ်ပါတယ်။
ပို့စ်တွေမှာ တင်ထားတဲ့ “Happy Birthday” တို့ စတဲ့ Caption ကနေရော၊ Hashtag တွေကနေရော တစ်ဆင့် သူတို့ရဲ့ မွေးနေ့နဲ့ အသက်ကို ခန့်မှန်းလို့ရနေပြီလို့ Instagram မှာ အလုပ်လုပ်သူတွေက ဆိုပါတယ်။ မွေးနေ့တွေကိုတော့ Verify လုပ်မှာမဟုတ်ပေမဲ့ လူတိုင်းကတော့ ကိုယ့်မွေးနေ့ကိုဆို အမှန်ထည့်ကြမယ်ထင်တယ်လို့လည်း ဆိုပါတယ်။

Instagram ဟာ အသုံးပြုသူ ရဲ့ လုံခြုံမှုနဲ့ သုံးစွဲရတာ စိတ်ချမ်းသာမှုတို့ အပိုင်းကို အလေးထားလာတာတွေ့ရပါတယ်။ မွေးနေ့တောင်းခံတဲ့ စနစ်အပြင် Instagram မှာ အပြန်အလှန် Follow လုပ်ထားမှ Message ပို့နိုင်မယ့် Feature ကိုပါထည့်သွင်းထားတယ်လို့လည်းဆိုပါတယ်။ ဒီနှစ်မှာလည်း Instagram ဟာ ကိန်းဂဏန်းတွေနဲ့ ကိုယ့်ရဲ့ တန်ဖိုးကို မဖြတ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ Like Count တွေဖျောက်ထားတဲ့ စနစ်ကိုလည်း စတင်စမ်းသပ်လျက်ရှိနေပါပြီ။