အသုံးမပြုတာကြာတဲ့ Account တွေကို ဖျက်ပစ်တော့မယ့် Twitter
မြန်မာနိုင်ငံမှာ လူသုံးမများပေမဲ့ ကမ္ဘာ့ Celebrity တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အများအားစု သုံးကြတဲ့ Twitter ဟာ အကောင့်ဖွင့်ထားပြီး မသုံးတာကြာတဲ့အကောင့်တွေကို ဖျက်ပစ်တော့မှာဖြစ်တယ်လို့ဆိုထားပါတယ်။ ဒါပမဲ့ အခုတော့မဟုတ်သေးပါဘူး။
Twitter ကနေပြီးတော့ မသုံးတာ ကြာပြီဖြစ်တဲ့ အကောင့်တွေကို Email တွေပို့ထားပြီး ကိုယ်မသုံးတော့ဘူးဆိုရင် သုံးခဲ့တဲ့အချိန်တုန်းက ရှိတဲ့ Data တွေကို သိမ်းဖို့အတွက် ကြိုတင်အသိပေးထားတာမျိုးဖြစ်ပါတယ်။
ဒီလိုလုပ်ချင်းအားဖြင့် Twitter မှာ မလိုအပ်ဘဲရှိနေတဲ့ အသုံးမပြုတဲ့သူတွေကို ရှင်းလင်းသလိုဖြစ်ပြီး တချို့ Username တွေကို ပြန်သုံးနိုင်တော့မှာဖြစ်ပါတယ်။ မသုံးဘဲ ပစ်ထားသူတို့ယူထားတဲ့ Username တွေပေါ့။
Twitter ရဲ့ Inactive Account Policy အရ အကောင့်တွေကို ဖျက်သိမ်းတဲ့အခါမှာ အသုံးမပြုတာ ၆လ ကြာပြီဖြစ်တဲ့ Twitter Account တွေကိုဖျက်မှာဖြစ်ပြီး တစ်ရက်နှစ်ရက်နဲ့ အပြီးလုပ်မယ့် Process တော့မဟုတ်ပါဘူးလို့ ဆိုထားပါတယ်။
ဒီလို မသုံးတာ ကြာတဲ့အကောင့်တွေကိုဖျက်တာဟာ ရှင်းလင်းရေးအရကောင်းပေမဲ့ သေသွားသူတွေအတွက်ကျ ဘယ်လိုလုပ်မလဲ ဆိုတာမေးချင်စရာပါ။ သေသွားတဲ့သူတွေရဲ့ အကောင့်တွေကျတော့ သူတို့ရဲ့ Memory တွေအများကြီးရှိနေနိုင်ပြီး တန်ဖိုးရှိတာတွေကိုပါ ရှင်းထုတ်လိုက်သလိုဖြစ်သွားနိုင်ပါတယ်။
ဒီပြဿနာကြောင့် Twitter ဟာ အကောင့်ဖျက်သိမ်းရေးကို ချက်ချင်းတော့ လုပ်ဦးမှာမဟုတ်ပါဘူးလို့ ပြန်လည်ထုတ်ပြန်ထားပါတယ်။ သေသွားသူတွေရဲ့ အကောင့်တွေအတွက် အမှတ်တရတစ်ခုခုဖြစ်စေနိုင်မယ့် နည်းလမ်းရှာတွေ့မှ ဒီလုပ်ငန်းစဉ်ကို စမယ်လို့ဆိုထားပါတယ်။