အသုံးပြုမှု လေးပုံတစ်ပုံတောင် မပြည့်သေးတဲ့ Android Pie
ယခုချိန် Google ကနေထွက်ထားတဲ့ နောက်ဆုံး Major Android Version ဟာ Android 10 ဖြစ်ပါတယ်။ ခုချိန်မှာတော့ Pixel တွေမှာပဲသုံးနေသေးတာဖြစ်ပါတယ်။ အခြား Device တွေမှာမသုံးသေးခင် Google ဟာ မနှစ်ကသူ့ရဲ့ နောက်ဆုံး တရားဝင်ထွက်ထားတဲ့ Android Pie (Android 9) ရဲ့အသုံးပြုမှုနှုန်းကို ထုတ်ပြန်ခဲ့ပါတယ််။
အသုံးပြုမှုအချက်အလက်များ
သြဂုတ်လနောက်ပိုင်း ထုတ်ပြန်ချက်အရ Android Pie ကိုအသုံးပြုနေတဲ့ Android Device တွေဟာ အားလုံးရဲ့ 22.6% ဖြစ်ပါတယ်။ ဒီနှုန်းထားဟာ Android 8 ထွက်တဲ့အချိန်က Android 7 ကိုအသုံးပြုမှုနှုန်းထက်များပေမယ့် ဖုန်းအားလုံးရဲ့ လေးပုံတစ်ပုံကိုတောင် မကျော်နိုင်သေးတာဟာ ထင်ရှားနေပါတယ်။

တစ်ဖက်မှာကတော့ Apple နဲ့ယှဉ်မယ်ဆိုရင် iOS 13 ထွက်ပြီးတဲ့ နောက်လအနည်းအငယ်အတွင်းမှာပဲ iOS 12 ကိုသုံးသူ 38% နဲ့ iOS 13 ကိုသုံးသူ 55% ရှိနေပါတယ်။ ဒါကိုကြည့်မယ်ဆို Apple ရဲ့နောက်ဆုံး Mobile OS Version ကိုအသုံးပြုမှုနှုန်းဟာ ထက်ဝက်ကျော်ပြီး Google ရဲ့ Android အသုံးပြုမှုနှုန်းထက်အသာကြီးဖြစ်နေတာကိုတွေ့ရမှာပါ။
ဘာလို့ဒီလောက်နောက်ကျနေတာလဲ
Google အနေနဲ့ကတော့ ဖုန်းထုတ်လုပ်တဲ့ Manufacturers တွေကို Android Updates တွေကိုမြန်မြန်ပေးနိုင်ဖို့ တိုက်တွန်းထားတယ်လို့ဆိုပါတယ်။ ဒီလို မြန်မြန်ဆန်ဆန်လုပ်နိုင်ဖို့အတွက် Google ကနေပြီး Project Treble လို့ခေါ်တဲ့ Android Framework ကိုအပိုင်းတွေခွဲပြီး Update ခွင့်ရှိတဲ့စနစ်ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Apple နဲ့ယှဉ်လိုက်ရင်တော့ လုံလောက်တဲ့ မြန်ဆန်မှုမရှိသေးတာကိုတွေ့ရမှာပါ။
Android Version တစ်ခုထွက်ပြီဆိုရင် အသုံးပြုသူလက်ထဲကို ရောက်ဖို့ အဆင့် ၅ ဆင့်ကို ဖြတ်သန်းရပါတယ်။ OS ကို ထုတ်လုပ်တဲ့ Company ကတစ်ခု၊ သုံးမယ့်သူတွေရဲ့ Device တွေက Company အမျိုးမျိုး ဖြစ်နေတဲ့အတွက်ကြောင့် ကြားအဆင့်အတွေမှာ ဖုန်း Company တွေရဲ့ OEM Manufacturers တွေကပြန်လည်ပြင်ဆင်မှုတွေလုပ်ရပါတယ်။ ဒီလိုလုပ်ခြင်းကြောင်း နောက်ဆုံးသုံးတဲ့သူရဲ့လက်ထဲကိုရောက်တဲ့နှုန်းဟာလည်း နှေးသွားပါတယ်။

Software Updates တွေဟာ အရေးကြီးတဲ့ Security Fixes နဲ့ Feature Updates တွေပါဝင်တဲ့အတွက်ကြောင့် ကိုယ့်ဖုန်းဟာ Update တင်လို့ရနေတဲ့အခြေအနေဆိုရင် တင်ထားတာအကောင်းဆုံးဖြစ်ပါလိမ့်မယ်။
Source: The Verge ၊ Googleblog