Intel Modem Business တစ်ခုလုံးကို $1 Billion နဲ့ဝယ်ယူလိုက်တဲ့ Apple
ဇူလိုင်လ ၂၃ ရက်နေ့တုန်းက Intel Modem Business တစ်ခုလုံးကို ဒေါ်လာ ၁ ဘီလီယံနဲ့ Apple ဝယ်မယ်လို့ The Wall Street Journal စာမျက်နှာမှာ ပေါ်ထွက်လာခဲ့ပါတယ်။
ကျွမ်းကျင်သူတွေကတော့ အနည်းဆုံး ၁ ပတ်ကနေ ၂ ပတ် အတွင်း စောင့်ဆိုင်းရလိမ့်မယ်လို့ တွက်ချက်ထားပေမယ့် မယုံနိုင်စရာ ၂ ရက်အတွင်း ဝယ်ပစ်လိုက်ပြီ ဖြစ်ပါတယ်။
The Financial Times မှာ ဖော်ပြထားချက်တွေအရ ကိုယ်ပိုင် 5G Modem ထုတ်လုပ်ဖို့ ဝယ်ယူလိုက်တာပါ။
အဲ့ဒါကြောင့် Intel ကုမ္ပဏီ ဝန်ထမ်းပေါင်း ၂,၂၀၀ နဲ့ Wireless နည်းပညာနဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်ပေါင်း ၁၇,၀၀၀ ကျော်ကို Apple ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။

ဝယ်ယူလိုက်တဲ့ အကြောင်းရင်း အတိကျကိုတော့ Qualcomm နဲ့ ရေရှည်လက်မတွဲတော့ဘဲ iPhone ၊ iPad တွေမှာ စွမ်းဆောင်ရည်မြင့် A စီးရီး Processor တွေလို 5G Modem ထုတ်လုပ်သွားဖို့ ဖြစ်ပါတယ်။
ပန်းခင်းလမ်း လျှောက်ရမှာတော့ မဟုတ်ဘူး
Apple အနေနဲ့ ၂၀၂၀ နောက်ပိုင်းမှာ အဆိုပါ နည်းပညာကို Demonstrate လုပ်ပြလာမယ်လို့ သုံးသပ်ရပြီး Qualcomm အနေနဲ့လည်း ဝင်ရောက် စွက်ဖက်တာမျိုး မလုပ်နိုင်တော့ပါဘူး။
ဒါနဲ့ ပတ်သက်လို့ IMD Business School ရဲ့ ပါမေက္ခဖြစ်သူ Howard Yu က
“Apple မှာလည်း ရွေးစရာ ဒီလမ်းပဲ ရှိတယ်လေး။ Qualcomm နဲ့ လက်တွဲရင်တွဲ၊ မတွဲနိုင်ရင် အခုလို Intel Modem ကို ဝယ်ပစ်လိုက်ပြီး ကိုယ်ပိုင် Modem ထုတ်ဖို့ပဲ ရှိပါတယ်” လို့ ကောက်ချက်ချခဲ့ပါတယ်။

ဒေါ်လာ ၂၄၅ ဘီလီယံကျော် ကြွယ်ဝနေတဲ့ ကုမ္ပဏီ အနေနဲ့ ၁ ဘီလီယံလောက် ရင်းလိုက်တာ အချည်းနှီး ဖြစ်မသွားပေမယ့် US Chip Analyst ဖြစ်သူ “Pat Moorhead” က
“Apple မျှော်လင့်ထားသလို In-house 5G Modem ထုတ်ဖို့က ၁ နှစ်၊ ၂ နှစ် အတွင်း ဘယ်လိုမှ မဖြစ်နိုင်ဘူး။ Huawei နဲ့ Samsung တို့ကိုပဲ ကြည့်လိုက်လေ၊ သူတို့တောင် အချိန် ၁၀ နှစ် လောက် ယူပြီးမှ ကိုယ်ပိုင် 5G Modem ထုတ်ပြနိုင်တယ်”
လို့ Apple ရွေးချယ်တဲ့လမ်းဟာ ပန်းခင်းလမ်းမဟုတ်ကြောင်း ထောက်ပြသွားပါတယ်။

Samsung နဲ့ Huawei တောင် အချိန် ၁၀ နှစ်လောက် ယူရတယ်
အခုလို Apple က ဝယ်ယူလိုက်ပြီ ဆိုပေမယ့် Intel ကိုယ်တိုင်လည်း Modem Business လုပ်ငန်းကနေ အပြီးတိုင် ထွက်ခွာသွားမှာ မဟုတ်ကြောင်း Chief Executive “Bob Swan” က
“Intel အနေနဲ့ 5G နည်းပညာ ဖွံ့ဖြိုးမှုအပေါ် အာရုံစိုက်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ပံ့ပိုးမှုတွေနဲ့ ရပ်တည်သွားမယ်” လို့ ပြောဆိုခဲ့ပါတယ်။
Source: The Financial Times