ရွေးချယ်စရာ အကောင်းဆုံး Gaming Laptop ဖြစ်လာတဲ့ Zephyrus GA502

Overview

ROG Lineup မှာ အပါးလွာဆုံး စီးရီးတွေဖြစ်တဲ့ Zephyrus Family (GA502) ကို အရိုးရှင်းဆုံး ပြောရမယ်ဆိုရင်တော့ စွမ်းဆောင်ရည်နဲ့ တန်ဖိုး (Price to Performance) ကို အချိုးချလိုက်ရင် Better All Rounder Gaming Laptop လို့ ပြောနိုင်ပါတယ်။

ဘာလို့ဒီလိုပြောနိုင်တာလဲဆိုတော့

Pros (အားသာချက်)

Razer Blade လို ဒီဇိုင်းနဲ့ ဆွဲဆောင်မှုရှိတယ်
Build Quality ကောင်းတယ်
ဘက်ထရီခံတယ် (6~8Hr Normal Use)
တန်ဖိုးသင့် Gaming Laptop အတွက် Powerful ဖြစ်တယ်

Cons (အားနည်းချက်)

ပန်ကာသံကျယ်တယ်
ဂိမ်းကစားရင် CPU (Core) Temperature တက်တယ် (Around 90°C)
Shallow Keyboard
Body က လက်ဗွေရာ ထင်လွယ်တယ်

ROG Zephyrus GA502
Zephyrus GA502

ROG Zephyrus G (Specification)

AMD Ryzen 7 3750H
Nvidia Geforce GTX 1660 Ti Max-Q – 6144 MB ၊ nvidia Optimus 441.41 DCH
8GB RAM (Single Channel 2400MHz) ၊ One Slot Free
1920 x 1080 IPS Display (Panda LM156LF-GL03) 120Hz Matte Panel
AMD CZ FCH Motherboard
Intel SSD 660p 512GB ၊ M.2 One Slot Free
2.1kg (Notebook) 560g (Power Supply)
$1,199 Price tag
ASUS Homepage ROG GA502 Homepage

Notebook Design & Build Quality

GA502 ဟာ Zephyrus စီးရီးမှာ စျေးအသက်သာဆုံးနဲ့ ဝယ်ယူနိုင်မယ့် Affordable Gaming Laptop ဖြစ်ပါတယ်။ Chassis ဒီဇိုင်းမှာ Zephyrus S GX502 နဲ့ သွားဆင်တဲ့အတွက်ကြောင့် တခြား Competitor တွေထက် Build Quality ပိုကောင်းပါတယ်။

ဒါပေမယ့် Zephyrus S တွေလို AAS (Active Aero Dynamic System) စနစ် မပါဝင်ဘူး။ ErgoLift လေဝင်၊ လေထွက် ဒီဇိုင်းကိုလည်း ဖြုတ်ထားတဲ့အတွက် Cooling Solution ပိုင်းမှာ Weight လျှော့ထားတယ်လို့ ပြောနိုင်ပါတယ်။

Zephyrus GA502
Sexy Back but not with AAS System

ဒါပေမယ့် Plastic Chassis ကိုမှ Minimalist ဒီဇိုင်းနဲ့ တောင့်တောင့်တင်းတင်း ဖြစ်နေအောင် သေချာလုပ်ထားတယ်၊ ကိုင်လိုက်တာနဲ့ ကျစ်ကျစ်လျစ်လျစ် ဖြစ်တယ်လို့ ခံစားရပြီး Display Bezel တွေလည်း သေးသွယ်တဲ့အတွက်ကြောင့် Zephyrus G ကို Stylish Gaming Laptop အနေနဲ့ သုံးနိုင်မှာပါ။

သို့သော်ငြားလည်း Rubber-coated Palm Rest မသုံးထားတဲ့အတွက် Zephyrus G ကိုယ်ထည်တစ်ခုလုံးက Fingerprint Magnet လို ဖြစ်နေပါတယ်။ Built-in Webcam ထည့်မပေးထားတဲ့အတွက်ကြောင့် Streaming လုပ်မယ်၊ Video Call သုံးမယ်ဆိုရင်တော့ Webcam သီးသန့်ဝယ်သုံးရမှာပါ။

(ASUS ကတော့ ဂိမ်မာအများစုက Quality ပိုကောင်းတဲ့ Webcam သုံးကြတဲ့အတွက် အခုလို Zephyrus Family မှာ မပါဝင်လာတာလို့ ပြောထားပါတယ်)

Weight ၊ Ports & Portability

Zephyrus G ဟာ ဒေါ်လာ ၁,၀၀၀ နဲ့ ၁,၂၀၀ တန်းမှာ ရွေးချယ်သင့်တယ်လို့ ပြောနိုင်တဲ့ အချက်တွေက ကိုယ်ထည် အလေးချိန်ပဲ ဖြစ်ပါတယ်။ GTX Class လက်တော့ အများစုဟာ 2.4kg ကနေ 3kg လောက်ထိ သွားနိုင်ပြီး Power Supply ပါ ထည့်တွက်မယ်ဆိုရင် အများဆုံး 2.7kg ကနေ 3.4kg လောက်ထိ သွားနိုင်ပါတယ်။

GA502 ကတော့ Weight ပေါ့တဲ့အပြင် Content Creator သမားတွေအတွက်ပါ Portable ဖြစ်တဲ့ Class ထဲမှာ ပါပါတယ်။ ကျနော်အခု Review Article ရေးနေတဲ့အချိန် Laptop ကို ပေါင်ပေါ် တင်သုံးနေတာ ဖြစ်ပါတယ်။

Zephyrus GA502
Ports (Left Side)

Armoury Crate Software မှာ CPU ရဲ့ Real Time အပူချိန်ကို 51°C လို့ ပြထားပြီး Brightness 64% ၊ Wi-Fi ဖွင့်ထားပြီး အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ စမ်းကြည့်ရသလောက်ဆိုရင် Function Key (F6 ~ F8) ရှိတဲ့နေရာ လောက်ပဲ အပူချိန်ရှိပြီး နွေးတယ်ဆိုရုံလောက်ပဲ ခံစားရပါတယ်။

ဒါကြောင့်မလို့ Zephyrus G ဟာ Gaming Laptop ဖြစ်တယ်ဆိုပေမယ့်လည်း Light Multi-tasking သုံးမယ်ဆိုရင်တောင် Ultrabook တွေနီးနီး စွမ်းဆောင် ပေးနိုင်ပါတယ်။ (Zenbook UX534 ရဲ့ Temperature နဲ့ Portable ကိုသာ နှိုင်းယှဥ်ထားခြင်း ဖြစ်ပါတယ်)

ထပ်ပြီးတော့ Highlight လုပ်ပေးချင်တာက Zephyrus G ရဲ့ Connectivity Ports တွေ ဖြစ်ပါတယ်။ Budget Gaming Laptop တွေမှာ မြင်တွေ့နေကြ Type-C ၊ USB 3.0 ၊ HDMI ပေါက်တွေအပြင် Gigabit Ethernet Port လည်း ပါပါသေးတယ်။

Zephyrus GA502
Ports (Right Side)

ဒါပေမယ့် စိတ်မကောင်းစရာကတော့ GA502 ဟာ Portable ဖြစ်ပေမယ့်လည်း SD Card Slot ထည့် မပေးထားပါဘူး။ Type-C Port ကနေလည်း အားသွင်းလို့ မရပါဘူး။

Display

Zephyrus G မှာ Full HD Resolution ရှိတဲ့ IPS Panel သုံးထားပါတယ်။ Hardware Info Software အရ Display Panel ဟာ Panda LM156LF-GL03 ဖြစ်ပြီးတော့ 120Hz Refresh Rate နဲ့ အလုပ်လုပ်ပါတယ်။

ဒီနေရာမှာ ကျနော်ပြောချင်တဲ့အချက်က Budget မှန်းပြီး အလုပ်လုပ်မယ်ဆိုရင်တောင် GA502 ကို မျက်စိမှိတ်ရွေးနိုင်ပါတယ်။ Colour ချိန်မယ်၊ Editing အတွက် သုံးမယ်ဆိုရင်တော့ Limitation ရှိတယ်။

Zephyrus GA502
Slightly DIM Display

ဘာလဲဆိုတော့ Matte Panel သုံးထားတာဖြစ်ပြီး 59% sRGB နဲ့ 37.4% AdobeRGB Coverage (Reference: Notebookcheck.net) ပဲ ရှိလို့ ဖြစ်ပါတယ်။ ဒီ Value တွေက ဂိမ်းအတွက် အဆင်ပြေပေမယ့် Professional သုံးဖို့ စဥ်းစားထားရင် ပိုပြီးတော့ Colour Accurate ဖြစ်တဲ့ Zephyrus M (GU502) ၊ Zephyrus S (GX531 ၊ GX701) မော်ဒယ်တွေ ရွေးချယ်တာ ပိုကောင်းပါတယ်။

Performance

GA502 မှာ Ryzen Processor သုံးထားတာ ဖြစ်တဲ့အတွက် ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာ စိတ်ဝင်စားမယ် ထင်ပါတယ်။ Ryzen 7 3750H ဟာ 4-core ၊ 8-thread Processor ဖြစ်ပြီးတော့ 2.3GHz Base Frequency နဲ့ အလုပ်လုပ်ပါတယ်။

Turbo Frequency ကို 4GHz အထိ တင်ပေးနိုင်တဲ့အတွက် RAW Performance မှာ Intel Core i7-8300H ဒါမှမဟုတ် Core i7-9300H တို့နဲ့ မကွာဘူးလို့ သုံးသပ်နိုင်ပါတယ်။ TDP Package ဒီဇိုင်းမှာလည်း 35W ပဲ ရှိတဲ့အတွက် Intel H စီးရီး Processor တွေရဲ့ 45W ဒီဇိုင်းထက် ပိုနည်းပါတယ်။

Zephyrus GA502
Ryzen meets nvidia (Mobile)

ASUS အနေနဲ့ ပါဝါအစား ပိုသက်သာတဲ့ Ryzen 5 3550H Processor တွေကို TUF စီးရီးတွေမှာ အသုံးပြုထားတယ်ဆိုပေမယ့် Zephyrus G မှာတော့ Ryzen 7 3750H ကိုပဲ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

Graphics ပိုင်းမှာတော့ Mid-range Turing ကတ်ဖြစ်တဲ့ GTX 1660 Ti Max-Q ကို သုံးပေးထားပါတယ်။ TDP Package အရဆိုရင်တော့ Max-Q ကတ်ဟာ 60W ပဲ သုံးစွဲမှာဖြစ်ပြီး GTX 1660 Ti နဲ့ ယှဥ်လိုက်ရင် 20W ပါဝါအစားနည်းပါတယ်။

ဒါကြောင့်မလို့ Performance အပိုင်းမှာ GTX 1660 Ti ကတ်တွေထက် 5 - 15% လောက် ပိုနှေးမှာ ဖြစ်ပြီး RTX 2060 နဲ့ ယှဥ်မယ်ဆိုရင်တော့ 20 – 30% လောက် ကွာမှာဖြစ်ပါတယ်။ ဒါပေမယ့် GTX 1060 နဲ့ GTX 1050 Ti (Max-Q) ၂ မျိုးလုံးနဲ့ ယှဥ်မယ်ဆိုရင်တော့ RAW Performance မှာ 50% လောက် ပိုမြန်မှာဖြစ်ပါတယ်။

ဒါကို GTX-16 စီးရီးတွေရဲ့ DirectX 12 အားသာချက်နဲ့ ယှဥ်ပြောတာ ဖြစ်ပြီး DirectX 12 Title တွေကို Turing ကတ်တွေနဲ့ကစားရင် Additional Performance ရရှိဦးမှာ ဖြစ်ပါတယ်။

Storage
Cut out Speed

GA502 မှာ PCIex4 SSD Slot ၂ ခု ပါပါတယ်။ တစ်ခုမှာတော့ Intel 660p SSD ကို တပ်ဆင်ထားပေးပြီးတော့ နောက်တစ်ခုကိုတော့ Additional Slot အနေနဲ့ သုံးနိုင်မှာဖြစ်ပါတယ်။

SSD Benchmark တွေအရ Average 1,400 MB/s နဲ့ 1,000 MB/s (Read/Write) ပဲရှိတဲ့အတွက် Zephyrus G ဟာ Half Lane နဲ့ပဲ အလုပ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။

CPU Performance Test
Strange AMD Behaviour

Ryzen 7 3750H Processor ဟာ 2.3GHz Base Frequency နဲ့ အလုပ်လုပ်တာ မှန်ပေမယ့် TDP ဒီဇိုင်းအရ Battery နဲ့ သုံးနေရင် Throttle ဖြစ်ပါတယ်။ ဘယ်လို ဖြစ်သလဲဆိုရင် 0.4GHz အထိကို ထိုးကျသွားပြီးတော့ Throttle ဖြစ်ရင် System ပါ ၁ စက္ကန့်၊ ၂ စက္ကန့်လောက် Freeze ဖြစ် သွားတတ်ပါတယ်။

ဒီ Behaviour က Battery နဲ့ သုံးနေတဲ့အခါမှာပဲ ဖြစ်တတ်ပြီးတော့ System Response မလုပ်တာမျိုး မကြုံရပါဘူး။ နောက်ပြီးတော့ Battery နဲ့ ဂိမ်းကစားတဲ့အခါ၊ High Performance Mode သုံးမယ်ဆိုရင် CPU နဲ့ GPU ရော [0.4GHz ~ 3.1GHz (Ryzen) 150MHz ~ 0.8GHz (Nvidia)] Throttle ဖြစ်ပါတယ်။

Zephyrus GA502
System Idle (AC)

Graphics Card က ပိုဆိုးတဲ့အတွက် fps ကတော့ မတွေးရဲစရာပါ။ External Power နဲ့ CPU ကို CineBench R15 နဲ့ ဂိမ်းကစားတဲ့အခါမှာ Throttling ဖြစ်တာ မတွေ့ရပါဘူး။ 3.9GHz Frequency ကို ၁၀ မိနစ် Loop Test မှာ တောက်လျှောက် Run ပေးနိုင်ပြီးတော့ CineBench နဲ့ Star Wars: Jedi ဂိမ်းကစားတဲ့အခါ 86°C ဝန်းကျင်မှာ Stable ဖြစ်တာ တွေ့ရပါတယ်။

သီအိုရီအရအဆိုရင်တော့ 90°C မကျော်တာ ပိုကောင်းတယ်ဆိုပေမယ့် CPU Core Temperature မြင့်တယ်လို့ သုံးသပ်နိုင်ပါတယ်။ Turing ကတ်ကတော့ 76°C ဝန်းကျင်မှာ အမြဲနေတယ်ဆိုမယ့် CPU Temperature ပိုများပါတယ်။

Zephyrus GA502
System Idle (Battery)

အဲ့ဒါကြောင့် CPU နဲ့ GPU ကို ဆက်သွယ်ပေးထားတဲ့ Heat pipe Centre ရှိတဲ့ Function Key (F5 ~ F8) နေရာတဝိုက်ဟာ လုံးဝ Heat Zone ဖြစ်နေမယ်၊ WASD Key နေရာနဲ့ ညာဖက် Enter Key တဝိုက်ကတော့ ပန်ကာကနေ လေအေးစုပ်သွင်းနေမှာ ဖြစ်တဲ့အတွက် အေးမြနေမယ်၊ ဂိမ်းကစားရ Comfortable ဖြစ်နေမယ်လို့ ပြောနိုင်ပါတယ်။

GPU Performance
Ryzen Bottleneck or Something Else?

GTX 1660 Ti Max-Q ဟာ 1080p Resolution ကို ဘယ် Setting လာလာ 60fps အပြည့် Run နိုင်တဲ့ ကတ်လို့ ပြောနိုင်ပါတယ်။ GA502 နဲ့ ကစားကြည့်ရသလောက် Ryzen နဲ့ Nvidia ချနေသလား အောက်မေ့ရပါတယ်။

ဘယ်လိုမျိုး ကြုံရနိုင်သလဲဆိုရင်တော့ Star Wars: Jedi ကို Epic Setting နဲ့ ဆော့တဲ့အခါမှာ GTX 1060 Level (<60fps) နဲ့ သွားပါတယ်၊ Medium Setting ပြောင်းထားလိုက်ပြန်တော့ GTX 1050 Ti Level (37fps) နဲ့ သွားတူနေပါတယ်။

Zephyrus GA502
Gaming Performance

CS:GO ကစားတဲ့အခါမှာ 120fps အပြည့်ရသလို DirectX 12 Title ကို Lock Frame Rate(50fps) မှာ အေးအေးလူးလူး Run ပေးပါတယ်။ ဒါပေမယ့် Shadow of the Tomb Raider ကိုတော့ Lock Frame Rate မှာ (<50fps) မ Run ပါဘူး။

Zephyrus GA502
Real-time Data playing CS:GO

ဒါကို Average Game fps နဲ့ စမ်းတာဖြစ်ပြီး GTX 1660 Ti Max-Q ရဲ့ Peak Performance နဲ့ Run တာ မဟုတ်ဘူးလို့ သုံးသပ်နိုင်ပါတယ်။ ဒီ Behaviour မျိုးဟာ CPU (Single Threat or Multi-threat Performance) ဒါမှမဟုတ် 8GB Single Channel RAM ကြောင့် Bottleneck ဖြစ်တာလို့ သုံးသပ်မိပါတယ်။

Fan Noise

Zephyrus G မှာ Heatpipe ၃ ချောင်းနဲ့ Dual 12V Fan ၂ လုံး ပါဝင်တဲ့ Cooling Solution သုံးပေးထားပါတယ်။ ပန်ကာ ၂ လုံးစလုံးဟာ Idle State မှာလည်း လည်နေမှာ ဖြစ်ပေမယ့် မသိသာပါဘူး။

Heatpipe ၃ ချောင်းစလုံးကို CPU နဲ့ GPU ၂ ခုလုံးက Sharing လုပ်ထားတာ ဖြစ်တဲ့အတွက် ဂိမ်းကစားတဲ့အခါနဲ့ Performance Load မှာ တက်လာတဲ့ အပူကို လျှော့ချဖို့ ပန်ကာ ၂ လုံးစလုံးက ပိုပြီးတော့ အလုပ်လုပ်ရပါတယ်။

Zephyrus GA502
Temperature and Fan Profile

Armoury Crate Software မှာ ပြထားတဲ့ Real-time Data အရ GA502 ဟာ ပန်ကာသံ အတော်ကျယ်ပါတယ်။ 6,500 RPM နဲ့ လည်မှာဖြစ်တဲ့အတွက် ဒီ Spinning Speed ဟာ 55 dBA လောက် အသံထွက်မှာ ဖြစ်ပါတယ်။

ဒါကြောင့် Zephyrus G ဟာ Max-Q ကတ် သုံးထားပေမယ့်လည်း Nvidia ရဲ့ Optimus (40 dBA Max)  နည်းပညာတွေကို အသုံးချနိုင်ခြင်း မရှိပါဘူး။ အဲ့ဒါကြောင့် GA502 နဲ့ ဂိမ်းကစားတဲ့အခါ Headphone တပ်ဆော့ဖို့ အကြုံပြုလိုပြီး ပါးလွာတဲ့ဒီဇိုင်းကြောင့် အခုလို Fan Control ပိုင်းမှာ လိုအပ်သွားတာလို့ သုံးသပ်နိုင်ပါတယ်။

Speaker

Zephyrus G ရဲ့ Speaker ကိုတော့ နှစ်သက်မယ်လို့ ထင်ပါတယ်။ Front Facing Dual 1W Speaker သုံးပေးထားပြီး Bass Response က သိသိသာသာ ကောင်းပါတယ်။ Touchpad နဲ့ Palm Rest တလျှောက် Vibrate ဖြစ်နေတာကိုပါ ခံစားရမှာဖြစ်ပါတယ်။

Keyboard & Trackpad  

GA502 ရဲ့ Keyboard က Stiff ဖြစ်တာ မှန်ပေမယ့် Key Travel နည်းတဲ့အတွက်ကြောင့် စာရိုက်ရင် Shallow ဖြစ်တယ်လို့ ခံစားရမှာပါ။ 15.6” Form Factor ကိုမှ NumPad ဖြုတ်ထားပြီး Keyboard တစ်ခုထဲအတွက် နေရာပေးထားတဲ့အတွက် ပုံမှန်ထက်ပိုကြီးတဲ့ ခလုတ်တွေနဲ့ Feel ရှိရှိ စာရိုက်နိုင်ပါတယ်။

Zephyrus GA502
Image (ASUS)

Traditional Touchpad ကိုပဲ Windows Precision Driver နဲ့ Run ပေးထားတဲ့အတွက်ကြောင့် External Mouse တပ်သုံးစရာ မလိုလောက်အောင်ကို အဆင်ပြေတယ်၊ 120 Refresh Rate ပေါ်မှာ ရွှေ့ရတာဆိုတော့ တော်တော်လေးလည်း Smooth ဖြစ်တယ်လို့ ခံစားရပါတယ်။

Zephyrus GA502
Viewing Angle is limited to 130°

Analysis (သုံးသပ်ချက်)

Zephyrus G ဟာ ဒီဇိုင်းပိုင်းအရ ဆွဲဆောင်မှုရှိပြီးတော့ 1080p Setting မှာ ဂိမ်းတွေကို 60fps Target နဲ့ ကစားနိုင်တဲ့ Gaming Laptop ဖြစ်ပါတယ်။ ဒေါ်လာ ၁,၂၀၀ ဆိုတာက တချို့လူတွေအတွက် စျေးကြီးတယ်လို့ ပြောနိုင်ပေမယ့် Price to Performance အရ ပြန်တွက်ကြည့်မယ်ဆိုရင် ရွေးချယ်သင့်ပါတယ်။

Ultrabook + Gaming Laptop မသုံးနိုင်တဲ့လူတွေအနေနဲ့လည်း Zephyrus G ဒါမှမဟုတ် ပိုပြီး Professional ဆန်ဆန် သုံးချင်တယ်ဆိုရင် Zephyrus M ၂ မျိုးမှာ အဖြေရှိပါတယ်။ ဒီ Laptop တွေဟာ Gaming Orient ဖြစ်တယ်ဆိုပေမယ့် အလုပ်လုပ်ဖို့လည်း Almost Perfect Scenario ထဲမှာ ရှိနေပါတယ်။

Zephyrus GA502
A portable Size

တချို့သော သူတွေက Ryzen ကို အထင်သေးချင်သေးနိုင်ပေမယ့် Intel ကို ဂိမ်းကစားဖို့ မရွေးလည်း ရတယ်လို့ Zephyrus G ၊ TUF စီးရီးတွေနဲ့ သက်သေထူနေပါတယ်။ Radeon Vega Mobile Graphics ကလည်း Intel UHD ထက် ပိုသာပြီး Ryzen 7 3750H ရဲ့ Vega 10 Graphics က Geforce MX130 ကတ်နဲ့ On-par အနေထားမှာ ရှိပါတယ်။

Suggestion (အကြုံပြုချက်)

Zephyrus G နဲ့ ဂိမ်းဆော့မယ်ဆိုရင်တော့ ပထမဆုံး 16GB Dual Channel Setup ကို သုံးစေချင်ပါတယ်။ Processor ကိုယ်တိုင်က တချို့အချိန်တွေမှာ Throttle ဖြစ်တယ်ဆိုမယ့် ဂိမ်းကစားတဲ့အခါမှာ လုံးဝမဖြစ်ပါဘူး။

ကျနော် Mention လုပ်ထားတဲ့ Bottleneck ဖြစ်တယ်ဆိုတာကလည်း Review Unit ဖြစ်နေတာနဲ့လည်း ဆိုင်ပါတယ်။ သည်းခံရမယ့်အချက်ကတော့ ပန်ကာသံဖြစ်ပြီး Zephyrus ၊ Zenbook စီးရီးတွေ သုံးကြည့်ရသလောက် Experience အရ ပြောရမယ်ဆိုရင် Fan Control ကို ဒိထက်ပိုကောင်းအောင် လုပ်စေချင်ပါတယ်။

Verdict

Extremely loud under load
Runs hot
Not a real Game Changer

2B

Previous
Previous

OLED အစားထိုး Mini-LED iPad နဲ့ Macbook Pro ထုတ်ဦးမယ့် Apple

Next
Next

SMS တွေကို အစစ်အမှန်ဟုတ်မဟုတ်သိနိုင်မယ့် Verified SMS Feature ကို Google ထည့်သွင်း