Meme တွေလုပ်လို့ရတော့မယ့် Facebook ရဲ့ Whale App
Facebook ဟာ နောက်ပိုင်းမှာ လူငယ်တွေကိုပစ်မှတ်ထားပြီး သူတို့တွေ ဘယ်လိုတွေကြိုက်တတ်တယ်ဆိုတာကို လေ့လာနေတာသိသာပါတယ်။ သူတို့ Redesign လုပ်လိုက်တဲ့ Facebook Logo အသစ်၊ Instagram မှာအသစ်ပါလာတော့မယ့် Instagram Reel အစရှိတဲ့ လုပ်ကိုင်နေပုံတွေကိုကြည့်မယ်ဆိုရင် လူငယ်ဆန်ဆန် ဖမ်းစားနေတာကိုတွေ့ရမှာပါ။
ခုတစ်ခါမှာလည်း Facebook ရဲ့ New Product Experimentation အဖွဲ့ကနေပြီးတော့ Meme တွေလုပ်လို့ရမယ့် Whale လို့ခေါ်တဲ့ App ကို တိတ်တိတ်လေးထုတ်လိုက်ပြန်ပြီဖြစ်ပါတယ်။ ဒီ App ဟာဆိုရင် လက်တလောမှာတော့ Canadian App Store မှာပဲ ဒေါင်းလို့ဦးမှာဖြစ်ပါတယ်။
Whale ဆိုတဲ့ Meme-Making App ဟာ ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ ပုံတွေကိုသာမက Meme Template တွေကိုလည်း အသုံးပြုပြီး Edit လုပ်ကာ ကိုယ်တိုင် Meme များကိုဖန်တီးနိုင်မှာဖြစ်ပါတယ်။ ကိုယ်လုပ်ထားတဲ့ Meme တွေကို Messenger နဲ့ Instagram တို့မှာ Story အနေနဲ့လည်း တင်လို့ရမှာပါ။

Meme တွေဟာ လူငယ်တွေကြားမှာ ရေပန်းစားနေရုံသာမက လူလတ်ပိုင်းတွေအထိ အကြိုက်တွေ့စေတဲ့ ဟာသရုပ်ပုံတွေ၊ ကာတွန်းတွေဖြစ်ပါတယ်။ အချိန်မရွေးဟောင်းသွားတာမျိုး မရှိတတ်တဲ့ Meme Category ကို Facebook ကဝင်လာပြန်ပြီဆိုတော့ Whale ဟာဘယ်လိုအခက်အခဲတွေကြုံတွေ့နိုင်ဦးမလဲ၊ အောင်မြင်သွားမလား၊ ဒါမှမဟုတ် Lasso တုန်းကလိုပဲ လူတောင်မသိလိုက်ဘဲနဲ့ ပြန်ပြီး မှေးမှိန်သွားမလားဆိုတာကတော့ ထွက်လာပြီးမှ သိရမှာပါ။
Facebook ဟာ TikTok အောင်မြင်သွားပြီးနောက်ပိုင်းမှာ လူငယ်တွေကြားထဲကို ထိုးဖောက်နိုင်ဖို့အမျိုးမျိုး စဉ်းစားနေပုံပေါက်ပါတယ်။ TikTok ဟာလည်း Short-Video Category ကိုတိုးမြှင့်ပေးခဲ့သလို Video Meme တွေကိုလည်း ထွန်းကားလာစေခဲ့တာဖြစ်ပါတယ်။
Facebook ရဲ့ NPE အဖွဲ့ဟာလည်း ဒီ App ကိုပဲထုတ်ရသေးတာမဟုတ်ပါဘူး။ အရင်ကလည်း Moments, Notify, Lifestage, Poke, Slingshot, Tbh, Moves အစရှိတဲ့ စမ်းသပ် App တွေကိုလည်းထုတ်လုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ ဒီလို Experimental App တွေအများစုဟာ Facebook က Shut Down ပိတ်ချလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် Whale App ရဲ့ကံကြမ္မာကိုလည်း စောင့်ကြည့်ရဦးမှာပါ။